အမေရိကန် အိပ်မက်ရှည် - အပိုင်း (၁)
သာယာကြည်နူးဖွယ် စိတ်ကူးယဉ်ဇာတ်လမ်း ဖြစ်ဖို့အာမမခံ နိုင်ပေမယ့် တကယ့် အဖြစ်အပျက်ဆိုတာတော့ သေချာပါတယ်။
ကိုဗစ်ကာလ ခရီးမသွားရတော့ စိတ်အဆာပြေခရီးသွားတဲ့အကြောင်းလေး ဖတ်စရာ ဖြစ်အောင် တင်ပေးတဲ့ သဘောပါ
၂၀၁၀ ခုနှစ်က UAE နိုင်ငံ Dubai မြို့မှာ ဥရောပ ဗီဇာရချင်လို့ သံရုံးကိုအရဲစွန့်ပြီး ကိုယ့်ဘာသာဗီဇာသွားလျှောက်တဲ့ မြန်မာ ကောင်လေးနဲ့ ကောင်မလေး ရှိတယ်။
သူတို့က အမှန်တကယ်တော့ USA ကို သွားလည်ဖူးချင်တာ။ပြောရရင်USA ကိုရောက်ဖူးချင်တာ သူတို့ရဲ့ အကြီးဆုံးသော အိပ်မက်ကြီးပေါ့..
သို့သော်လည်း ဟိုလူပြော ဒီလူပြောနဲ့ USA က ဗီဇာ ခက်တယ် ဆိုတော့ အရမ်းကိုကြောက်ခဲ့ ကြပါတယ်။ဗီဇာက အငြင်းခံရပြီးရင် ပြန်လျှောက်ဖို့ကလည်း တော်တော်မလွယ်သလို ပြန်ရနိုင်ဖို့ကလည်း တော်တော်အကြောင်းပြချက်ခိုင်လုံမှဆိုတော့ တွေးလေ ကြောက်လေပေါ့..
ဒီလိုပဲ ဟိုလူပြော ဒီလူပြောက
“visa stamp တွေ များများစု ပြီးမှ လျှောက်ကြ။ မဟုတ်ရင် USA ဗီဇာက ရမှာ မဟုတ်ဘူး”
ဆိုတာကြောင့် တကယ်သွားလည်ချင်တဲ့ နိုင်ငံကို မသွားရဲဘဲ တခြားနိုင်ငံတွေကိုသွားလည် ရင်း ဗီဇာလေးတွေစစု ကြမယ်လို့ စဉ်းစားမိကြတယ်..။
ငွေကြေးချမ်းသာတဲ့ အထဲကမဟုတ်တော့ pacakge tour တွေနဲ့ သွားဖို့ မစဉ်းစားနိုင်ဘဲ ကိုယ့်ဘာသာ ပဲ တတ်သလောက်မှတ်သလောက် သွားချင်တဲ့နေရာလေးတွေရှာနိုင်သလောက်ကလေး ရှာဖွေပြီး သွားကြမယ်လို့ ဆုံးဖြတ်ကြပါတယ်။
Dubai မှာ ဗီဇာချည်းသီးသန့်လျှောက်ပေးတဲ့ ဝန်ဆောင်မှုမျိုးမရှိတော့ ကိုယ်တိုင်ပဲ စွန့်စားပြီးသွားလျှောက်ကြတာပေါ့။
Dubai ရဲ့ ရာသီအများစုဟာ အလွန်ပူတဲ့မြို့တစ်မြို့ပါ။ နွေရာသီလို အချိန်ဆိုရင် 55 ဒီဂရီ Celsius လောက်ထိ ပူပါတယ်။ ပေါ်လွင်အောင်ပြောပြရရင် တစ်မိနှစ်လောက် အပြင်ကနေပူထဲမှာရပ်နေရင် နဖူးကချွေး တွေ ခြေမထိ မကျ ပေမယ့် မျက်လုံးထဲဝင်လောက်အောင် ပူပါတယ်။
Dubai မှာနေတဲ့လူအများစုဟာ အိမ်ကနေထွက်ရင် ကားထဲဝင် ကားထဲကနေ မိမိသွားလိုတဲ့ အဆောက်အဦး (mall တို့ ရုံးတို့) ကို အလျှင်အမြန် အပြေးအလွှား ဝင်ကြပါတယ်။ကားတို့ အဆောက်အဦးတို့က အဲကွန်းရှိတာကိုး။
မဟာအိပ်မက်ကြီးတွေ တပွေ့တပိုက်နဲ့ ကောင်လေး နဲ့ ကောင်မလေး ဟာ ဗီဇာသွားလျှောက်တဲ့အခါမှာ သံရုံးထဲဝင်လိုက် အပြင်နေပူထဲမှာ ဟိုပြေး ဒီပြေးလုပ်လိုက်။ ပြန်ဝင်လိုက်၊ ပြန်ထွက်လိုက် နဲ့ သံရုံးက appointment ၂ရက်လောက် ယူပြီး ဒုက္ခတွေ များပါတယ်။
ဖြစ်ပုံက …သံရုံး website က ရေးထားတဲ့စာရွက်စာတမ်းတွေကို တတ်နိုင်သမျှ နားလည်သလို ယူသွားပေမယ့် စာရွက်ကော်ပီတွေ ကျန်ခဲ့လို့ အပြင်နေပူထဲမှာ လမ်းလျှောက်ပြီးကော်ပီဆိုင်ရှာရပါတယ်။
ဓါတ်ပုံက အဆင်မပြေလို့ အပြင်တစ်ခါပြန်ထွက်ပြီး ဆိုင်လိုက်ရှာ၊ ဆိုင်က နီးနီးနားနားမှာမရှိလို့ အနီးဆုံးဖြစ်နိုင်မယ့် နေရာကို ကားနဲ့ တခါသွားပြီး ဓါတ်ပုံပြန်ရိုက်ရပါတယ်။
သို့သော်နောက်ဆုံး မှာ ရုံးက ထုတ်ပေးလိုက်တဲ့ ခွင့်စာမှာ လိုအပ်ချက် ရှိနေပြန်လို့ ဆိုပြီးလက်လျော့ပြီးနောက်နေ့ appointment ထပ်ယူခဲ့ရပါတယ်။
ရုံးတစ်ဖက်နဲ့ဆိုတော့ နောက်နေ့ တစ်ခေါက်သံရုံးကိုထပ်သွားဖို့ အတော်အကြပ်ရိုက်ခဲ့တယ်။ ခရီးသွားဖို့ ခွင့်ရက်ကလည်း နီးနေပြီ၊ ဗီဇာကလည်း မရသေးဆိုတော့ တော်တော်စိတ်ပူပြီးဗျာများခဲ့ရတယ်။
အဲဒီအချိန်တုန်းကသာ ဥရောပ ဗီဇာဟာ စောစောလျှောက်ပြီး မသွားခင်သုံးလလောက် လက်ထဲမှာကိုင်ထားလို့ရတယ် ဆိုတာ တစုံတယောက် က ပြောပြပေးခဲ့မယ် ဆိုရင် ဒီလို အခက်အခဲတွေ ဖြစ်မယ် မထင်ဘူး။
နောက်တစ်ခါ appointment မှာတော့နည်းနည်းသဘောပေါက်သွားပြီဖြစ်လို့ တော်တော်အဆင်ပြေပါတယ်။
ဒါပေမယ့် သံရုံးက မေးမယ့် အင်တာဗျူးကိုတော့ တော်တော်လေးရင်ခုန်မိပါတယ်။ ဒီနိုင်ငံအတွက် ဗီဇာ မရမှာလည်းစိုးရိမ်မိသလို ဒီဗီဇာမရရင် USA သွားဖို့ အတွက်လည်းတော်တော် အခြေပျက်သွားမယ် ဆိုပြီးစိတ်တွေ တအားပူမိကြပါတယ်။ မှတ်မှတ်ရရ Dubai က Germany သံရုံးပါ..။ သံရုံးထဲမှာ အင်တာဗျူးဖြေဖို့ ထိုင်စောင့်နေတဲ့ အချိန်မှာ တော်တော်ကို ကယောက်ကယက်တွေ ဖြစ်ပါတယ်။ ဘာတွေ မေးမလဲ ဘာလဲ ဆိုပြီး စိတ်ပူပါတယ်။
ဆယ်တန်းစာမေးပွဲ ဖြေခါနီးလိုပါပဲ။ ဘေးကလူကို “ဟဲ့ နင်ဘာတွေကျက်ထားလဲ” ပဲမေးရမလိုလို၊ဘုရားစာတွေပဲ ရွတ်ရမလိုလိုတွေ ဖြစ်မိပါတယ်။ ခြေတွေလက်တွေလည်း အေးစက်ပြီး ရှူးပေါက်ချင်သလိုလိုဖြစ်ပြီး အိမ်သာသွားရတာ ၂ယောက်စလုံးပါ။
အင်တာဗျူးတော့ ၂ ယောက်လုံး ကို တစ်ခါတည်းဗျူးပါတယ်။ သိပ်မမေးပါဘူး။ တစ်ခွန်းနှစ်ခွန်းမေးပြီး ပြန်လွှတ်လိုက်ပါတယ်။
နောက် ၂ရက်နေရင် ပြန်လာယူပါတဲ့။ကိုယ့်ရှေ့ကလူကိုကျတော့ နောက် အပတ်မှ လာယူ လို့ချိန်းလိုက်တာကြားမိတယ်။
အဲ့မှာ ဆိုက်ကိုတွေ ထဖောက်တော့တာပဲ။ ၂ရက်ပဲဆိုတော့ဗီဇာမရတာလား? ဗီဇာမပေးချင်လို့များ သေချာမမေးတာလား။ ငါတို့မြန်မာနိုင်ငံသားမလို့ မရတော့ဘူးလား။
အဲဒီဗီဇာ စောင့်ရတဲ့ ၂ ရက်မှာ စာ:လည်းဒီစိတ် သွားလည်းဒီစိတ် အိပ်မက်ထဲပါထည့်မက်ရတာမျိုး..
၂ရက်အကြာမှာတော့ ပထမဦးဆုံး ဉရောပ ဗီဇာ ရခဲ့ပါတယ်…။
ကိုယ်တွေက ခရီးသွားရာဇဝင်လည်းမရှိ၊ လခ လည်း သိပ်မကောင်း၊ မြန်မာလူမျိုးလည်း ဖြစ်ရဲ့နဲ့ ဘာလို့ ဗီဇာ ရသလဲ ဆိုတာ ပြန်သုံးသပ်ကြည့်တော့ Visa Application ကို သပ်သပ်ရပ်ရပ် သံရုံးကသတ်မှတ်တဲ့အတိုင်း သေချာလေး တင်လို့ လို့ပဲ သုံးသပ်မိပါတယ်။
ဒီတော့မှ Visa application တင်တာ အရေးကြီးပါ့လားဆိုတာ စသဘောပေါက်မိလာပါတော့တယ်။
ဥရောပ ကိုပထမဆုံး သွားတဲ့ ခရီးကတော့ အပျော်တွေကို လွန်လို့ပါပဲ ဆိုတာတော့ အရမ်းမညွှန်းတော့ပါဘူး အမျိုးတွေရေ..