Dubai အမေးများသော မေးခွန်းများ

September 20, 2021
Dubai-food-e1419858675207
dubai-metro-e1419858273640
GPTempDownload
life in Dubai

Dubai အတွက် အမေးများတဲ့ မေးခွန်းများ

UAE – Dubai မှာ အလုပ်သွားရှာတာ ခေတ်စားလာတယ်။

အမေးများလာတဲ့ကိစ္စလေးတွေ သိသလောက် မှတ်သလောက်လေး ပေါင်းဖြေပေးလိုက်ပါတယ်။

Dubai က  စိတ်ချရရဲ့လား?

ဒီမေးခွန်းက လုံးပြီးမေးတဲ့ မေးခွန်းဖြစ်တော့ သေသေချာချာ တစ်ခုချင်း ရှင်းပြီး ဖြေကြည့်ပါ့မယ်။

UAE က အရှေ့အလယ်ပိုင်း က Arab တိုင်းပြည်ပါ။ အစ္စလာမ် ကိုးကွယ်တဲ့နိုင်ငံမှန်ပါတယ်။ အာရပ်တွေက အသားတော့ မမဲပါဘူး။

UAE မှာ သူတို့နိုင်ငံသားကနည်းပြီး အလုပ်လာလုပ်တဲ့ နိုင်ငံခြားသား အရမ်းများပါတယ်။ အထူးသဖြင့် အစ္စလာမ် နိုင်ငံကလူတွေ လာကြပါတယ်။ အိန္ဒိယ ပါကစ္စတန် စသဖြင့်များပါတယ်။ တခြားနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင် အင်ဒိုနီးရှား လို အာရှနိုင်ငံသားတွေကော အမေရိကန် အင်္ဂလန် တရုတ် တွေကော ရှိပါတယ်။

တခြားဘာသာ ခြားတွေ ကော မရှိဘူးလား။ ရှိပါတယ် ခရစ်ယာန်တွေရှိပါတယ် ဘုရားကျောင်းလည်းရှိပါတယ်။ ဗုဒ္ဓဘာသာတွေ ရှိပါတယ် သိရိလင်္ကာတွေ ဉီးစီးပြီးထောင်ထားတဲ့ ဘုန်းကြီးကျောင်းလည်း ရှိပါတယ်။

အာရပ်တွေက ဘာသာခြားတွေကို နှိပ်ကွပ်လားဆိုတော့ နိုးပါ။ သူတို့ထဲမှာလည်း ဘာသာရေး လုပ်သူရှိသလို ဘာသာရေး စိတ်မဝင်စားတဲ့လူတွေလည်း အများကြီးပါ။

စိတ်ချရပါ့မလားဆိုတာကို ပြန်ရှင်းရရင်…ဘာကို စိတ်ချချင်တာလဲ? လုံခြုံရေးအတွက်လို့ ပြောရင်တော့..

လုံခြုံမှုကကောင်းပါတယ်။ ညသန်းကောင် မှ shopping mall တွေပိတ်ပါတယ်။ ပိတ်တဲ့အချိန် အမျိုးသမီးငယ်တွေတစ်ယောက်တည်း အိမ်ပြန်ကြတယ်။ ပြသနာမရှိပါဘူး။

တချို့ရပ်ကွက်တွေမှာ Construction အလုပ်သမားတန်းလျားတွေ များတဲ့ အပိုင်းဆို ရဲကားတွေက နာရီဝက်ခြားတခါလောက် ပတ်နေပါတယ်။

Public မှာ အရက်မရောင်းပါဘူး။ Public မှာ အရက်သောက်လို့မရပါဘူး။ မူးချင်ရင် အိမ်မှာမူး (သို့) ဟိုတယ်တက်ပြီးဈေးကြီးကြီးပေးမူးပါ။ အမူးသမားပြသနာက အစ အတော်နည်းပါတယ်။ ရဲကလည်း တော်တော်နိုင်ပါတယ်။

နောက်တစ်ခုက သူခိုးသဝှက်နည်းပါတယ်။ ကျွန်တော်ဆို ဈေးသွားဝယ်တာ ဖုန်းကျနေခဲ့ဖူးတယ်။ ပြန်ရပါတယ်။ ခါးပိုက်နှိုက်တွေဘာတွေလည်း မရှိပါဘူး။ ကားတွေ ရထားတွေ မိန်းကလေးတွေ သီးသန့် ထိုင်ခုံတွေ ရှိပြီး အမျိုးသမီးတွေကို ဉီးစားပေးပါတယ်။

တိုးတက်တဲ့ နိုင်ငံတွေမှာ ရှိတဲ့ စံနှုန်းတွေ ရှိလို့ နေရထိုင်ရ အဆင်ပြေပါမယ်။

Overstay နေ (အို)လို့ရမလား ?

အတိုပြောရရင် အိုလို့ အဆင်မပြေပါဘူး။ အဖက်ဖက် ကကို အဆင်မပြေတာပါ။

ပထမဆုံး အနေ နဲ့က UAE မှာ visa status မရှိရင် အလုပ်ရှာဖို့ အဆင်မပြေပါ။ တခြားနိုင်ငံတွေမှာလို cash job တွေ မလွယ်ပါ။မရှိသလောက်ရှားပါတယ်။

နောက်တစ်ခုက  UAE က အစိုးရကိုက စီးပွားရေးလုပ်နေတဲ့တိုင်းပြည်လို့ပဲ ပြောရမလား။ overstay နေတဲ့လူက အကြောင်းတစ်မျိုးမျိုးကြောင့် မိသွားသည်ဖြစ်စေ ပြန်သည်ဖြစ်စေ (penalty) ဒဏ်ကြေး တွေကောက်ပါတယ်။ ပထမနေ့က AED 200 ပါ။ နောက်ရက်တွေ တစ်နေ့ ကို AED 100 ပါ။ တစ်လ နေလိုက်ရင် 3200 AED ဒေါ်လာ တစ်ထောင်နီးနီးမြှောက်သွားပြီ။ Visa extension တိုးရင် တစ်လမှ ဒေါ်လာ 330 USD ပဲ ကျပါတယ်။ Visa လည်း အလွန်လွယ်ကူအောင်လုပ်ပေးထားပါတယ်။

အရင်ကဆို Visa သက်တမ်းတိုးဖို့ တိုင်းပြည်ကနေ ခဏ ပြန်ထွက်ရပါတယ်။ အခုမလိုတော့ပါဘူး agent ကို ဆက်သွယ်ပြီးတိုးလိုက်ရုံပါပဲ။

Visa ကုန်သွားပြီး သက်တမ်းမတိုးဘဲ နေရင် ရဲက Agent ကို ဆက်သွယ်ပါတယ်။ ဒီလူနဲ့အဆက်အသွယ်ရလား ပေါ့။ မရဘူးဆို ရဲက အမှုဖွင့်ပြီးလိုက်ဖမ်းပါတော့တယ်။ မိရင်ဘာမှမေးမနေဘူး ထောင်ထဲကောက်ထည့်လိုက်ရော။ ပြီးမှ ဒဏ်ကြေးပေးတာတွေ ဗီဇာတိုးတာတွေ ဆက်လုပ်။

နောက်အလုပ်ရလို့ Residence visa ရရင်လည်း အဲဒီ ထောင်ထဲ ဝင်ခဲ့တဲ့ record (မှတ်တမ်း) ကကိုယ့်ဖိုင်ထဲမှာ ရှိနေပါတယ်။ ဘာလို့လဲ ဆိုတော့ UAE ကို စဝင်ကတည်းက eye-scan ဖတ်ရပါတယ်။စဖတ်ပြီးကတည်းက လူကြီးမင်းတို့နဲ့ပက်သက်တဲ့ အချက်အလက်တွေသူတို့ Database ထဲမှာ စသိမ်းပါပြီ။ တခြားအသစ်သစ်သောလူကြီးမင်း အချက်အလက် အားလုံးက အဲဒီ ထဲကို ဖိုင်တွဲပြီးသိမ်းထားတော့တာပါပဲ။တခြားနိုင်ငံတွေဘာတွေ အပြီးသွားဖို့ကစလို့ အကြောင်းတစ်ခုခု ကြောင့် UAE police clearance ယူတိုင်း အဆိုပါ record ကြီးက ပါနေမှာပါ။

နောက်တစ်ခုက UAE မှာက တချို့နိုင်ငံတွေလို အောက်လမ်းတို့ဘာတို့ ရှိတာမဟုတ်ပါဘူး။ လာရင်လည်း လေဆိပ်က လာပြီး ပြန်ရင်လည်း လေဆိပ်ကပဲ ပြန်ရမှာပါ။ ရှောင်ပြေးလို့ ရနိုင်တဲ့ကိစ္စမဟုတ်ပါဘူး။

အိုဖို့ မစဉ်းစားကြပါနဲ့။ စည်းကမ်းအတိုင်းလိုက်နာပြီး ပိုက်ဆံများများရဖို့ သာ စဉ်းစားကြပါ။ စည်းကမ်းမလိုက်နာရင် ချွေးနဲစာ လုပ်သမျှ ပိုက်ဆံလေးတွေ ဒဏ်ကြေးအဖြစ် အငွေ့ပျံသွားပါမယ်။

ကားမောင်းလိုင်စင် လွယ်လား?

ကားမောင်းလိုင်စင်ဟာ skill တစ်မျိုးဖြစ်ပြီး  ရှိထားရင် အလုပ်လွယ်ပါတယ်။လခ ပိုကောင်းတဲ့အလုပ်ကို မှန်းနိုင်ပါတယ်။ နောက်ဆုံး တက္ကစီပဲမောင်းဉီး တစ်လ USD 800- 1300 လောက် ရနိုင်ပါတယ်။

ဒါပေမယ့် Residence visa ရှိမှ လိုင်စင် လျှောက်နိုင်မှာ ဖြစ်လို့ ဒုတိယခြေလှမ်းလို့ သတ်မှတ်ထားနိုင်ပါတယ်။

လိုင်စင်ရဖို့က မလွယ်ပါဘူး။ ကားလေးမှာ Auto / Manual နှစ်မျိုးရှိပါတယ်။ Manual သမားက auto လည်း မောင်းလို့ရပါတယ်။ auto သမားက Manual မောင်းလို့မရပါ။

Auto က class 20 ပဲ တက်ရပြီး Manual က class 40 တက်ရပါတယ်။

တစ်class ကို ၄၅ မိနစ် နဲ့တက်ရပါတယ်။ စာမေးပွဲ ၂ မျိုးဖြေရပါတယ်။ Sign (လမ်းအမှတ်အသား)တွေ စည်းမျဉ်းစည်းကမ်းတွေကို ဖြေရတဲ့ စာမေးပွဲက စာရွက်နဲ့ဖြေဖြေ ကွန်ပြူတာနဲ့ ဖြေဖြေရပါတယ်။ အဲဒါကသိပ်မခက်ပါဘူး။ Road Test လို့ခေါ်တဲ့ လမ်းမမှာ ကားမောင်းပြရတဲ့စာမေးပွဲမှာ အများအားဖြင့် ကျ ကြပါတယ်။

အခုခေတ်မှာ ကားလေးဆို auto နဲ့လုံလောက်နေပါပြီ။ ကျွန်တော်တုန်းက မြန်မာပြည်မှာက Manual တွေချည်းပဲ မောင်းသွားတော့ auto မမောင်းတတ်လို့ ဆိုပြီး manual ဖြေလိုက်တာ။

ကျွန်တော့် အတွေ့အကြုံ အရ road test မှာ ကိုယ်မောင်းတဲ့ဘေးမှာ အာရပ်စာမေးပွဲစစ်တဲ့သူ တစ်ယောက်ထိုင်လိုက်ပါတယ်။ ဖြေမယ့်လူ ၂ယောက် (သို့) သုံးယောက်ပါပါတယ်။ ကျွန်တော့်ရှေ့က Indian ကောင်လေးက ကားမောင်းတော့ လက်တွေ တုန်နေတာ ကျွန်တော် နောက်ကနေ မြင်နေရပါတယ်။ လခ 400 USD လောက်ပဲ ရတဲ့လူအတွက် လိုင်စင်ရရင် USD 1000 လောက် ဖြစ်သွားနိုင်တာကိုး။ စိတ်လှုပ်ရှားရှာမှာပေါ့။

ကျွန်တော်တို့တုန်းက လမ်းမကြီးပေါ်မှာ Lane ၄ Lane ရှိတာကို ပြောင်းခိုင်းပါတယ်။ ပြောင်းခိုင်းတော့ ကားက ဆတ်ခနဲ ဆတ်ခနဲဖြစ်သွားလို့ စာမေးပွဲစစ်တဲ့လူက ဘေးထိုးရပ်ခိုင်းပါတယ်။

နောက်ကျွန်တော့်အလှည့် လမ်းမကြီးမှာ Lane ပြောင်းတာတွေ အေးဆေးပဲ။ လမ်းငယ်ထဲဝင်တော့ မောင်းနေတုန်းကို စာမေးပွဲစစ်တဲ့လူက မြန်မြန်မောင်းလေကွာ မင်းဟာက ကြာတာ ဘာဖြစ်တယ် ညာဖြစ်တယ်တွေ အော်ပါတယ်။ ကျွန်တော်က ဘာမှပြန်ပြောမနေဘဲ ပုံမှန်ပဲ မောင်းပါတယ်။ ခဏ နေတော့ ရပ်ခိုင်းပါတယ်။ bus ကားမှတ်တိုင်အကျော် သတ်မှတ်တဲ့နေရာမှာ ရပ်ပါတယ်။ နောက်တစ်ယောက်ကတော့ စထွက်ကတည်းက ကားက အင်ဂျင်ရပ်သွားပါတယ်. သူ့ကို ဆက်မမောင်းခိုင်းတော့ပါဘူး။

အဲ့တုန်းက ကျွန်တော့်တစ်ယောက်ကိုပဲ အအောင်ပေးပါတယ်။ သူများတွေ ကြောက်နေတာ မင်းက ဘာလို့ မကြောက်လဲ မေးစရာရှိပါတယ်။ ကျွန်တော်တို့ ကုမ္မဏီက ကားမောင်းသင်တဲ့ သင်တန်းကျောင်းရှိတော့ ကျွန်တော်က သတင်းတွေရထားပါတယ်..ရထားတဲ့ သတင်းကဘာလဲ ဆိုတော့ “တစ်ခါတည်းနဲ့ဘယ်သူမှ မအောင်ဘူး မင်းလည်း ပထမအကြိမ်ကျမှာပဲ” ဆိုတာပါပဲ။ အဲဒီတော့ ကိုယ့်ဘာသာ အကျ ပဲ သဘောထားပြီးမောင်းလိုက်တာ ကြောက်မနေတော့ဘဲ ကံစွပ်ပြီး တစ်ခါတည်းအောင်သွားတာပါ။

တချို့ ၈ ကြိမ် ၉ ကြိမ် ပြန်ဖြေရပါတယ်။ စာမေးပွဲကျတိုင်း သင်တန်း ၁၀ ကြိမ် ပြန်တက်ပြီး စာမေးပွဲကြေးသွင်းရလို့ အတော် ကုန်ကျစရိတ်များပါတယ်။

ဘေးက စာမေးပွဲစစ်တဲ့လူက တမင်နှောင့်ယှက်တာပါ..မောင်းတဲ့လူ ယုံကြည်မှု ရှိ/မရှိရယ် ဆုံးဖြတ်ချက်မှန် မမှန် ရယ်စမ်းတာပါ။ ကီလို ၄၀ သတ်မှတ်ထားတဲ့ လမ်းကို ကီလို ၄၀ နီးပါး မောင်းနေချိန်မှာ မြန်မြန် မောင်းခိုင်းတာ မောင်းသူ ဘယ်လို ဆုံးဖြတ်မလဲ စမ်းတာပါ။

ကုန်ကျစရိတ်က  Manual ကို ဒေါ်လာ ၁၂၀၀- ၁၅၀၀ လောက်ကုန်ပါသည်။ Auto ဆို နည်းနည်းလေး သက်သာမယ်။  အသိတစ်ယောက်ကတော့ ၈ ခါကျလိုက်တာ auto လိုင်စင် ကို ဒေါ်လာ ၂၀၀၀ လောက် မြှောက်သွားတယ်။

လိုင်စင် ယူရမလား မေးရင် ယူထားပါလို့…။

Share on social networks
Social Media Auto Publish Powered By : XYZScripts.com