ထိုင်းမှာ ကိုဗစ်ကာကွယ်ဆေးသွားထိုးဖို့ ဖြစ်လာနိုင်မလား??
ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်ဟာ ပြောင်းလဲမှု ပုံစံအမျိုးမျိုးဖြစ်ပေါ်လာနေပြီး သေဆုံးသည်အထိ ဖြစ်ပေါ်စေနိုင်ပါသည်။ အပြင်းအထန်ခံစားရပြီး ဆေးရုံ တက်ရခြင်းမှ ကင်းဝေးစေရန် ရည်ရွယ်ပြီး ကာကွယ်ဆေးမျိုးကွဲများကို ဆေးကုမ္မဏီများမှလည်း အားသွန်ခွန်စိုက် ထုတ်လုပ်ဖြန့်ဖြူးပေးနေပါသည်။
ကမ္ဘာ့နိုင်ငံတော်တော်များများမှာ covid-19 ကာကွယ်ဆေးတွေကို အားသွန်ခွန်စိုက်ထိုးနေကြပြီး မြန်မာပြည်မှာ တော့ ကာကွယ်ဆေးထိုးပြီးသူရာခိုင်နှုန်း ကို သေချာတိကျစွာ ဖော်ပြနိုင်ခြင်းမရှိသေးတာကိုတွေ့ရပါတယ်။
အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ Thailand နိုင်ငံဟာ Medical Tourism လို့ခေါ်တဲ့ ဆေးဝါးကုသခြင်းဆိုင်ရာ ခရီးစဉ်တွေကို အဓိက လုပ်ကိုင်တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။
Thailand နိုင်ငံဟာ ယခုလောလောဆယ်မှာ ထိုင်းပြည်သူတွေကို ကိုဗစ်ကာကွယ်ဆေး အားသွန်ခွန်စိုက်ထိုးပေးနေတဲ့ နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။
ထိုင်းပြည်သူလူထုဟာ အစိုးရက အခမဲ့ ထိုးပေးနေတဲ့ ကိုဗစ်ကာကွယ်ဆေး အမျိုးအစားအပေါ် မကျေနပ်မှုတွေ ရှိတာကြောင့် ဝန်ကြီးချုပ်ကို ရာထူးမှ ထွက်ပေးရန် ဆန္ဒပြ တောင်းဆိုမှုတွေ လည်း social distancing စည်းကမ်းများသတ်မှတ်ထားသည့် ကြားမှ ထွက်ပေါ်လာနေပါတယ်။
Thailand နိုင်ငံအနေနဲ့ ပြည်သူလူထုကို ထိုးပေးတဲ့ ဆေးအမျိုးအစားအပြင် အခြား နာမည်ကြီး ဆေးအမျိုးအစားများဖြစ်ကြသော Pfizer, Moderna တို့ကိုလည်း နာမည်ကြီးပုဂ္ဂလိက ဆေးရုံကြီးများအတွက် တင်သွင်းထားပြီးဖြစ်ပါသည်။
မြန်မာနိုင်ငံအပါအဝင် အခြားအိမ်နီးချင်းနိုင်ငံများမှ ငွေကြေးတတ်နိုင်သူများ Thailand သို့လာရောက်၍ ကမ္ဘာကျော် နာမည်ကြီး ကိုဗစ်ကာကွယ်ဆေးများ ထိုးနိုင်ရန်အတွက် Medical Tourism ကို စတင်ရန် ခြေလှမ်း ပြင်ဆင်နေခြင်း ဖြစ်ဟန်တူပါသည်။
ယခုအချိန်တွင် Thailand နိုင်ငံရှိ နာမည်ကြီးပုဂ္ဂလိက ဆေးရုံကြီးများတွင် Tourist Visa ဖြင့် လာရောက်ကြသောခရီးသည်များအတွက် ကမ္ဘာကျော် ကာကွယ်ဆေးများထိုးခွင့်ပြုထားသော်လည်း ကန့်သတ်မှုတွေ ရှိနေပါတယ်။ အသက်အရွယ် နှင့် လက်ရှိနာတာရှည် ရောဂါ ဖြစ်နေသူများသာ ကာကွယ်ဆေးထိုးခွင့် ရရှိနေသေးသည့် အနေအထားဖြစ်ပါသည်။
Thailand ရဲ့ tourism ခြေလှမ်းနောက်တစ်ခုကတော့ Thailand ရဲ့ နာမည်ကြီး ခရီးသွားကျွန်းဖြစ်တဲ့ ဖူးခက်မှာ Sanbox program ဟုခေါ်သည့် ခရီးသည် များအတွက် ဈေးနှုန်းသက်သာစွာ Quarantine ဝင်နိုင်သည့် အစီအစဉ်ကိုလည်း စမ်းသပ် အသုံးပြုလျက်ရှိပါသည်။ ကာကွယ်ဆေးထိုးပြီးသော အချို့နိုင်ငံမှ ခရီးသည်များမှာမူ quarantine ဝင်ရန်မလိုအပ်ဘဲ သွားရောက်လည်ပတ်နိုင်ပြီဖြစ်ပါတယ်။
သို့သော် မြန်မာနိုင်ငံသားများအတွက် Bangkok သို့သွားရာတွင် Quarantine ဝင်ရသော ဟိုတယ် ဈေးနှုန်းများမှာ အဆမတန်များပြားလျက် ရှိနေပါသေးသည်။
Quarantine စည်းမျဉ်းစည်းကမ်းများလျော့ချလိုက်ပါက မြန်မာနိုင်ငံသား ငွေကြေးတတ်နိုင်သူများအနေဖြင့် ကမ္ဘာ့ နာမည်ကြီး ဆေးများကို ထိုင်းနိုင်ငံတွင်သွားရောက်ထိုးနှံကြသည့် Trend တစ်ခု ဖြစ်လာနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။